fbpx

ဖုန်းပြောဆိုတာနဲ့ စာပို့တာမှာ ဘယ်အရာကိုရွေးချယ်သင့်သလဲ။

လေ့လာချက်များအရ ၂၀၂၂ ခုနှစ်မှာ Feature Phones တွေ သာမက Smart Phones အသုံးပြုသူဦးရေ မှာ ၇.၂၆ ဘီလီယံ ရှိလာပြီဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၉၁.၆၉ ရာခိုင်နှုန်း ဟာ ဖုန်းအသုံးပြုကြတာကိုတွေ့ရှိရမှာပါ။ Feature Phones ဆိုတာကတော့ application တွေ ရှုပ်ထွေးတဲ့ OS systems တွေ မပါတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေ မှာ အသုံးများကြတဲ့ ရိုးရိုး ဆဲလ်ဖုန်းတွေကို ပြောခြင်းသာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ ၄၇ ရာခိုင်နှုန်းသော smart phone အသုံးပြုသူ တွေဟာ ဖုန်းကိုအသုံးမပြုဘဲ မနေနိုင်ကြဘူးလို့ဆိုပါတယ်။ သာမန် ဖုန်းအသုံးပြုသူတွေဟာဆိုရင် တစ်နေ့ကို အကြိမ် ၂၀၀၀ ခန့် tap, swipe သို့မဟုတ် click လုပ်ကြပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုကြသူတွေဟာ အဓိက လုပ်ဆောင်ချက်အနေနဲ့ စာပို့တာနဲ့ ဖုန်းပြောဆိုတာ ကိုလုပ်ဆောင်လေ့ရှိကြပါတယ်။ 

University of Texas ရဲ့ လေ့လာတွေ့ရှိချက်အသစ်တွေအရ ဖုန်းပြောတာက တစ်ယောက်နဲ့တစ်ယောက် လိုအပ်နေတဲ့ ဆက်သွယ်မှုကို ဖြည့်ဆည်းပေးနိုင်ပေမယ့်လည်း လူအများစုက email သို့မဟုတ် စာပို့ရတာကို အမြဲတမ်း ရွေးချယ်လေ့ရှိကြပါတယ်။

ရှာဖွေတွေ့ရှိချက်တွေအရ တစ်စုံတစ်ယောက်ကို အဓိပ္ပါယ်ရှိရှိ‌လေးစားသမှုဆန်ဆန် ဆက်သွယ်ချင်တယ်ဆိုရင်တော့ စာပို့တာထက်စာရင် ဖုန်းခေါ်ပြီး ဆက်သွယ်တာက ပိုပြီး ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် Experimental Psychology ဂျာနယ်မှာဖော်ပြထားတဲ့ လေ့လာမှုအရတော့ လူအများစုဟာ ဖုန်းခေါ်ရမယ့်အစား စာပို့တာကို ရွေးချယ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းပြောဆိုရတာတွေ ဟာ သူတို့အတွက် ကြောင်တောင်တောင်နိုင်တယ်လို့ ယုံကြည်လို့ပဲဖြစ်ပါတယ်။

နောက်ထပ် စမ်းသပ်ချက်တစ်ခုမှာဆိုရင်တော့ သုတေသီတွေဟာ အပြင်မှာတစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းတွေကို နည်းလမ်း ၃ မျိုးကိုအသုံးပြုပြီး ဆက်သွယ်ခိုင်းခဲ့ပါတယ်။ ၎င်း နည်းလမ်း (၃) ခုကတော့ live chat ရယ် video chat ရယ်နဲ့  Audio ကိုပဲအသုံးပြုပြီး ဆက်သွယ်လို့ရတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့သူတွေအနေနဲ့ သူတို့အသုံးပြုတဲ့ media တွေ ဟာ လူမှုဆက်ဆံရေး အပိုင်းမှာ အရေးပါလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် သုတေသီတွေလေ့လာသိရှိသွားတာကတော့ ဖုန်းနဲ့ပြောဆိုတာဟာ စာပို့တာထက်စာရင် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရာမှာပိုပြီး ရင်းနှီးစေတယ်လို့ တွေ့ရှိရပါတယ်။ နောက်ထပ်တွေ့ရှိမှုတစ်ခုကတော့ ဖုန်းခေါ်ဆိုပြီးစကားပြောတာဟာ လူတွေထင်ထားသလိုမျိုး ကြောင်တောင်တောင်မဖြစ်စေပါဘူး။ အကြောင်းအရင်းကတော့ အသံတွေဟာ ရုပ်ပြတွေ မပါဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့နေရာမှာ မရှိမဖြစ် အရေးပါတဲ့အရာဖြစ်နေလို့ဆိုတဲ့ အချက်ကြောင့်ပါပဲ။

လူအများစုဟာ စာပို့ရမှာထက် ဖုန်းပြောဆိုရမှာကိုပိုကြောက်လေ့ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုတေသီတွေ ဟာ နောက်ထပ် စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။ အယ့်ဒါကတော့ သူတို့ဟာ လူတစ်ချို့ကို သူငယ်ချင်းဟောင်းတွေ နဲ့ ဖုန်းဆက်သွယ်ပြောဆိုခိုင်းခဲ့တာပဲဖြစ်ပါတယ်။ သူတို့ရှာဖွေတွေ့ရှိခဲ့တာကတော့ သူတို့အချင်းချင်း ဖုန်းခေါ်ဆိုမှုတွေဟာ email ဖတ်ပြီး ပြန်စာပို့တဲ့ ကြာချိန်နဲ့ အတူတူပဲ ဖြစ်တယ်ဆိုတာပါပဲ။ ဒီရလာဒ်ဟာ လူတွေ ယူဆထားတဲ့ စာပို့တာရယ် ဖုန်းခေါ်တာရယ်နဲ့ ပတ်သက်ပြီး အယူအဆတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ထုတ်ဖော်မှုတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ နည်းပညာကို အသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးတွေ ကို စီမံခန့်ခွဲရတာဟာ အရမ်းကို အရေးကြီးလွန်းလှပါတယ်။

ဖုန်းပြောရတာက စာပို့ရတာထက် ပိုကောင်းတာလား ၊ စာပို့ရတာက ဖုန်းပြောရတာထက် ပိုကောင်းတာလားဆိုတာကို အောက်မှာကြည့်ကြည့်လိုက်ရအောင်။

စာပို့တာက ပိုကောင်းကြောင်း အကြောင်းပြချက် ( ၅ ) ချက်

၁။ စာပို့ခြင်းဟာ ဖုန်းခေါ်ဆိုတာထက် အနှောင့်အယှက် နည်းပါပါးတယ်။

၂။ အကယ်လို့ သင်ဟာ ဖုန်းမခေါ်နိုင်အောင် အရမ်း အလုပ်များနေတယ်ဆိုရင်တော့ စာပို့တာဟာ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

၃။ စာပို့တာဟာ လူအချင်းချင်းပြောဆိုဆက်သွယ်ရာမှာ ပိုပြီး သီးသန့်ဆန်ပါတယ်။ဒါကြောင့်မို့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို ပြောဆိုတဲ့နေရာမှာလည်း တခြား အနီးနားမှာရှိတဲ့ ဘေးလူတွေအပေါ် ရှက်ရွံ့စရာမလို ၊ သူတို့ရဲ့ အကဲဖြတ်မှုတွေခံစရာမလိုဘဲ ပိုပြီး လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပါတယ်။

၄။ သင် ပြောဆိုဆက်သွယ်မယ့်သူ ဟာ ဘယ်Time zone မှာ ရောက်နေမလဲဆိုတာ စိတ်ပူစရာမလိုဘဲ ဆက်သွယ်ပြောဆိုနိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ စာပို့တာပဲ ဖြစ်ပါတယ်။

၅။ စာပို့တာဟာ တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဖုန်းခေါ်တာထက် ပိုပြီး စျေးသက်သာပါတယ်။

ဖုန်းပြောတာက ပိုကောင်းကြောင်း အကြောင်းပြချက် ( ၅ ) ချက်

၁။ တစ်စုံတစ်ယောက်က သင် စာပို့ပြီးလို့ ချက်ချင်း အကြောင်းမပြန်ဘူးဆိုရင်တော့ အယ့်ဒီ့သူတစ်ယောက်ဟာ သင့်ရဲ့ messages တွေကို အမှတ်တမဲ့ လျစ်လျူရှု မိတာ ပဲဖြစ်ဖြစ်၊ ပြန်ပြီး အကြောင်းမပြန်တာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ လွယ်ကူပါတယ်။ ဒီလို အခြေအနေတွေက ရှောင်ရှားစေချင်တယ်ဆိုရင်တော့ ဖုန်းခေါ်ဆိုမှုကိုပဲ ပြုလုပ်သင့်ပါတယ်။

၂။ သင်ဟာ မိုဘိုင်းဖုန်းမရှိတဲ့သူကို message ပို့လို့မရနိုင်ပါဘူး။ (အမေရိကန်နိုင်ငံရဲ့ ၃ ရာခိုင်နှုန်းသော လူဦးရေအပါအဝင် တခြားနိုင်ငံအချို့တွေမှာ အခုထိ မိုဘိုင်းဖုန်းမကိုင် နိုင်ကြတဲ့သူတွေရှိပါသေးတယ်။)

၃။ စာပို့မယ်ဆိုရင်တော့ စာထဲမှာပါတဲ့ အကြောင်းအရာတွေရဲ့  အသံနေအသံထားတွေ ၊ဘယ်လို မျိုး စိတ်အခြေအနေနဲ့ ပြောလဲဆိုတာတွေကို သိနိုင်မှာ မဟုတ်ပါဘူး။

၄။ စာပို့မယ့်အစား ဖုန်းခေါ်တာက သင်နဲ့ဆက်သွယ်ပြောဆိုတဲ့သူနဲ့ ပိုပြီး လေးနက်တဲ့ ပြောဆိုဆက်ဆံမှုတွေ ကို ရရှိစေမှာဖြစ်ပြီး miscommunication ဖြစ်နိုင်ချေ မှလျော့ကျစေနိုင်ပါတယ်။

၅။ Emergency ကိစ္စရပ်တွေ အတွက် စာပို့ဖို့ အချိန်မရှိတဲ့သူများအဖို့ ဖုန်းခေါ်ပြီး ပြောဆိုဆက်သွယ်တာက ပိုပြီး အဆင်ပြေပါတယ်။

မိမိရဲ့ အခြေအနေပေါ်မူတည်ပြီးဖြစ်စေ၊ စိတ်ခံစားမှုအပေါ် မူတည်ပြီး ဖြစ်စေ စာပို့ရတာကို သဘောကျတာနဲ့ ဖုန်းခေါ်ရတာကို သဘောကျတာ ကွဲပြားကြပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် သင် ဆက်သွယ်ရမယ့်သူအပေါ်မူတည်ပြီး သင့်ရဲ့ အခြေအနေတွေအလိုက် စာပို့တာပဲဖြစ်စေ၊ ဖုန်းခေါ်တာပဲဖြစ်စေ မှန်ကန်စွာရွေးချယ်ဆက်သွယ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Post a Comment

The Captcha image Change Image | Phonetic spelling (mp3)